နှစ်ရှည်လများ အိပ်ရေးပျက်ခြင်းရဲ့ အကျိုးဆက်
အိပ်ရေးပျက်လို့ ဘာမှမဖြစ်ဘူးလို့ သင်ထင်နေပါသလား။
တစ်ညတလေ အိပ်ရေးပျက်တာက ကျန်းမာရေးအတွက် ဘာသက်ရောက်မှုမရှိဘူးလို့ သင်ထင်နေပါသလား။
တစ်ရက်ကို ညအိပ်ချိန် ၃-၄ နာရီရှိရင် လုံလောက်ပြီလို့ သင်ထင်နေပါသလား။
ဒါမှမဟုတ် ကျန်းမာရေးထက် ပိုက်ဆံရှာဖို့၊ အလုပ်လုပ်ဖို့၊ စာသင်ဖို့က ပိုအရေးကြီးနေတာလား။
ညအိပ်ချိန်ဆိုတာ တကယ်တော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့အလုပ်တစ်ခုပါ။ ညဘက်မှာ ကောင်းစွာ အိပ်စက်အနားယူမှ ကျွန်တော်တို့ခန္ဓာကိုယ်က တစ်နေ့တာအတွက် ကုန်သွားတဲ့အားအင်တွေကို ပြန်ဖြည့်ပေးပြီး၊ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်ပြုပြင်ပေးနိုင်တယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်နိုင်အောင် ကူညီပေးသလို၊ ကိုယ်ခံအားကောင်းစေတဲ့အတွက် ရောဂါတွေ အလွယ်တကူမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
တစ်ရက်တလေ ညအိပ်ရေးပျက်ရင်တောင် ရုပ်ခန္ဓာနဲ့ စိတ်မှာ ပြောင်းလဲမှုတွေကို ခံစားရတာ အားလုံး သိပြီးကြမယ်ထင်ပါတယ်။ ဒီလိုမျိုး တစ်ရက်ကနေ တစ်နှစ်လောက်အထိ အိပ်ရေးဆက်တိုက် ပျက်နေပြီဆိုရင်တော့ အကျိုးဆက်အနေနဲ့
၁။ ဦးနှောက်ရဲ့ တွေးခေါ်နိုင်မှု၊ သုံးသပ်နိုင်စွမ်း၊ တီထွင်ဖန်တီးဉာဏ်နဲ့ မှတ်ဉာဏ်တွေ ကျဆင်းလာပါမယ်။ ဦးနှောက်အာရုံကြောစနစ်ဟာ ကောင်းစွာ အနားမရနိုင်တာကြောင့် အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်နဲ့ ဆက်စပ်နေတဲ့ လုပ်ဆောင်မှုတွေအားလုံး နှောင့်နှေးထိခိုက်လာမှာ အသေအချာပါပဲ။
၂။ ဦးနှောက်ကနေ စိတ်ဖိစီးမှုဟော်မုန်းတွေ အများအပြားထုတ်လွှတ်တဲ့အတွက် ခန္ဓာကိုယ်က စိတ်ဖိစီးမှုဒဏ်တွေ ပိုခံရသလို၊ အပြင်ကနေ ဝင်လာတဲ့ ပြဿနာတွေကြောင့် စိတ်ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ စိတ်ဓာတ်ကျတာ၊ စိတ်အပြောင်းအလဲမြန်တာ၊ စိုးရိမ်ပူပန်လွန်ကဲတာ၊ အတွေးများတာ၊ မိမိကိုယ်ကို သတ်သေလိုစိတ်တွေ ဝင်တာ၊ စိတ်ကယောင်ခြောက်ခြားဖြစ်တာ စတာတွေပါ ခံစားရနိုင်ပါတယ်။
၃။ အိပ်ချိန်နဲ့ ကိုယ်ခံအားစနစ်ဟာ တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ပါ သက်ရောက်မှုရှိတာကြောင့်၊ အိပ်ချိန်နည်းပြီဆိုတာနဲ့ ကိုယ်ခံအားနည်းလာမှာ သဘာဝပါပဲ။ ကိုယ်ခံအားနည်းလာပြီဆိုရင် ပြင်ပက ရောဂါပိုးတွေကို ခန္ဓာကိုယ်က ကောင်းစွာတိုက်ထုတ်နိုင်ခြင်းမရှိတော့တာကြောင့် အလွယ်တကူ ဖျားနာပြီး ရောဂါဖြစ်လွယ်လာနိုင်သလို၊ ရောဂါသက်သာပျောက်ကင်းချိန်ဟာလည်း ပိုကြာသွားနိုင်ပါတယ်။
၄။ ညဘက်အိပ်ပျော်သွားတဲ့အခါ အသက်ရှူလမ်းကြောင်း ပိတ်သွားပြီး အသက်ရှူမရတော့ဘဲ ဟောက်တာတွေ၊ အောက်စီဂျင်ပြတ်လပ်တာတွေ၊ သတိလစ်တာတွေ ဖြစ်သွားနိုင်တယ်။ ဒါကို Obstructive Sleep Apnea (OSA) အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းလို့ ခေါ်ပါတယ်။
၅။ အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုနှေးကွေးပြီး ကယ်လိုရီလောင်ကျွမ်းနှုန်းပါ ကျဆင်းလာတဲ့အတွက် ကိုယ်အလေးချိန်တက်လာမှာဖြစ်သလို သွေးတိုး၊ ဆီးချိုရောဂါတွေအပြင် အဝလွန်ရောဂါပါ ဖြစ်လာနိုင်ပါတယ်။
၆။ အိပ်ရေးပျက်ခြင်းဟာ နှလုံးကျန်းမာရေးကို ထိခိုက်စေရုံသာမက နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်လာစေနိုင်သလို၊ သက်လုံမကောင်းဘဲ အမောမခံနိုင်တာ၊ နှလုံးရုတ်တရက် ရပ်ပြီး သတိလစ်တာ၊ တက်သွားတာတွေ ဖြစ်နိုင်ပါတယ်။
၇။ ကလေးတွေ၊ ကြီးကောင်ဝင်စအရွယ်တွေမှာ အိပ်ရေးပျက်တာများလာတဲ့အခါ ကြီးထွားမှုဟော်မုန်းတွေ ထွက်တာနည်းသွားပြီး လူကောင်သေးညှက်တာ၊ ကြွက်သားထု နည်းလာတာ၊ တစ်ရှူး၊ ဆဲလ်အဟောင်းတွေကို ပြန်ပြုပြင်ပေးနိုင်မှု နှေးကွေးတာတွေ ဖြစ်နိုင်ပါတယ်။
အိပ်ရေးပျက်တဲ့ ပြဿနာဟာ ရုပ်ပိုင်းဆိုင်ရာမှာရော၊ စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်တာကြောင့် တတ်နိုင်သလောက် ကိုယ့်ရဲ့အိပ်ချိန်ကို သတ်မှတ်ပြီး နေ့တိုင်းအိပ်ချိန်အထိခိုက်မအိပ်ဘဲ အိပ်တာတော့ အကောင်းဆုံးဖြစ်မှာပါ။ ဒီအတွက် ဘာတွေ ဆောင်ရ၊ ရှောင်ရမလဲဆိုရင်
၁။ နေ့လယ်မှာ တစ်ရေးတစ်မောအိပ်တာတွေကို တတ်နိုင်သလောက် ရှောင်ပါ။
၂။ ညအိပ်ကာနီးမှာ ကဖင်းဓာတ်များတဲ့ အစားအသောက်တွေကို ရှောင်ပေးပါ။
၃။ ကိုယ့်ရဲ့အိပ်ခန်းနေရာဟာ အသံလုံပြီး ငြိမ်းအေးတဲ့နေရာမျိုး ဖြစ်နေဖို့ အရေးကြီးပါတယ်။
၄။ ညအိပ်ကာနီးမှာ ရေနွေးနဲ့ ရေချိုးပေးတာ၊ ရေစိမ်ပေးတာမျိုး လုပ်ပေးခြင်းဖြင့် ကြွက်သားတင်းမာတွေကို ပြေလျော့စေပါတယ်။
၅။ နေ့လယ်နေ့ခင်း၊ ညနေဘက်တွေမှာ လေ့ကျင့်ခန်း၊ အားကစား၊ ကိုယ်လက်လှုပ်ရှားမှုတစ်ခုကို သေချာလုပ်ပေးပါ။
၆။ ညအိပ်ကာနီးမှာ အစာစားတာမျိုး ရှောင်ပေးပါ။
ရေးသားသူ - ရဲမျိုးမြတ်